နိဒါန်း
Arakan Army (AA) ပေါ်ပေါက်လာပြီးနောက်အထူးသဖြင့် AA နှင့် စစ်တပ်တိုက်ပွဲဖြစ်လာပြီးနောက် ရခိုင်လူမျိုးများသည် ပလက်ဝကိုမိမိတို့၏နယ်မြေဖြစ်သည်ဟုပြောဆိုခဲ့ကြသည်။ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟု အသံထွက်ပေါ်လာခြင်းသည် ယခု၌သာမဟုတ်ပဲ ယခင်ကတည်းကပင်ဖြစ်သည်။Free Ranger Burma (FRB) မှ ထုတ်ဝေသော ၎င်းတို့၏လှုပ်ရှားမှုစာစောင်တွင် ပလက်ဝသည် ရခိုင်ပြည်နယ်ဖြစ်သည်ဟုဖော်ပြခဲ့ဖူးသည်။ မိမိတို့ချင်းလူမျိုးမဟုတ်သောတခြားလူမျိုးများမှ FRB ကိုယင်းသို့ဖော်ပြခြင်းသည် မှားနေကြောင်းထောက်ပြပြီးသည့်နောက်ပိုင်းတွင် FRB မှထုတ်ဝေသောစာစောင်တိုင်းတွင် ပလက်ဝသည် ချင်းပြည်နယ်ဖြစ်သည်ဟု ပြန်လည်ရေးသားဖော်ပြသည်။ AA သည် ပလက်ဝမြို့နယ်ရှိ အချို့သောကျောင်းများ၏ ဆိုင်းဘုတ်တွင်ရေးထားသောချင်းပြည်နယ်ကိုပယ်ဖျက်ပြီးရခိုင်ပြည်နယ်ဟုအစားထိုးရေးသားခဲ့ကြသည်။မကြာသေးမှီကာလတွင် Panglong မြို့၌ကျင်းပသော Ethnic Youth Conference တွင် Arakhan National Party ခေါင်းဆောင်တစ်ဦးဖြစ်သောဒေါက်တာအေးမောင်မှ “၁၉၅၃-၅၄ ခုနှစ်တွင် မိမိတို့ရခိုင်လူမျိုးများ၏တောင်တန်းဒေသဖြစ်သော ပလက်ဝကို Chin Special Division သို့လွဲှအပ်ခဲ့သည်” ဟုပြောကြားခဲ့သည်။ Facebook ပေါ်တွင်သော်လည်းကောင်း၊ အခြားမီဒီယာများတွင်သော်လည်းကောင်းဖတ်ရှုပါကစိတ်စွဖွယ်ရာကောင်းလှပါသည်။ရခိုင်လူမျိုးများမှ ပလက်ဝသည် မိမိတို့၏နယ်မြေဖြစ်သည်ဟုအဓိကကိုင်စွဲထားသောအချက်မှာ “ပလက်ဝသည် ArakanHills Tract အတွင်းတွင် တည်ရှိသည်” ဟူ၍ဖြစ်သည်။ရခိုင်ဘုရင်လက်ထက်တွင် တည်ရှိခဲ့သည်ဟူ၍လည်း တချို့လူတွေကပြောကြသည်။
အင်အားကိုအသုံးပြုသောစနစ် (Might is right)
“Might is right” ဆိုသည်မှာအတိုချူံးအားဖြင့် “အင်အားကြီးသောသူမှ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေသူလုပ်ချင်သောအရာအားလုံးကိုအင်အားသုံး၍လုပ်ပိုင်ခွင့်ရှိသည်”ဟုဆိုလိုသည်။တခြားနည်းဖြင့်ဖော်ပြမည်ဆိုပါကအင်အားအသုံးပြုပြီးအုပ်ချုပ်မင်းမူသောစနစ်ကိုဆိုလိုခြင်းဖြစ်သည်။ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်အထိ “Might is right” စနစ်ကိုကမ္ဘာတစ်ဝှမ်းတွင်ကျင့်သုံးခဲ့သည်။ ပြည်ထောင်စုမြန်မာသမိုင်းကိုလေ့လာကြည့်ပါကလည်းအင်အားကြီးသောလူမျိုးမှအင်အားနည်းသောလူမျိုးကိုသွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ရခိုင်လူမျိုးများသည်လည်းကိုယ့်မင်းကိုယ့်ချင်းဖြင့်အုပ်ချုပ်သောတိုင်းပြည်ရှိခဲ့သော်လည်းဗြိတိသျှလက်ထက်မတိုင်မီ ၁၇၈၄ ခုနှစ်တွင် ဗမာ့ဘုရင်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဗြိတိသျှနှင့်ဗမာတိုက်ပွဲ (First Anglo-Burmese War) ကာလတွင် ရခိုင်ပြည်နယ်ကိုဗမာ့ဘုရင် စစ်ရှူံးကြေး (War Reparation) အဖြစ် အင်္ဂလိပ်လက်ထဲသို့ပေးအပ်ခဲ့သည်။ ဤသို့ဖြင့် ၁၈၂၆ခုနှစ်တွင် ရခိုင်ပြည်နယ်သည် အင်္ဂလိပ်လက်အောက်တွင် တစ်ဖန်ရောက်ရှိခဲ့သည်။
အင်္ဂလိပ်လက်ထက်မတိုင်မီယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်ကြသောလူမျိုးများအနက် မွန်နှင့် ရခိုင်များမှအပတခြားလူမျိုးများသည် ကိုယ့်မင်းကိုယ့်ချင်းစနစ်ဖြင့်အုပ်ချုပ်သောလွတ်လပ်သည့်နိုင်ငံများ ဖြစ်ခဲ့ကြသည်။ အင်္ဂလိပ်သည် သီပေါမင်းအုပ်ချုပ်ခဲ့သောဗမာပြည်ကို ၁၈၈၅ ခုနှစ်တွင် အပြီးတိုင်သိမ်းပိုက်ခဲ့သည်။သီပေါမင်းကိုလည်းဖမ်းဆီးခဲ့ပြီးအိန္ဒိယနိုင်ငံသို့ပြည်နှင်ဒဏ်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေထိုင်ကြသောတခြားလူမျိုးများကိုလည်းအင်္ဂလိပ်မှတဆင့်ပြီးတဆင့်တိုက်ခိုက်ခဲ့သည်။ မိမိတို့ချင်းလူမျိုးများကိုလည်း ၁၈၉၀ ခုနှစ်မှ စတင်၍တိုက်ခိုက်ခဲ့သည်။
ဗြိတိသျှကိုလိုနီ
ဗြိတိသျှကိုလိုနီလက်ထက်တွင် ယနေ့ Pakistan, India, Bangladesh, Sri Lanka နှင့် ပြည်ထောင်စုမြန်မာနိုင်ငံစသည့်နိုင်ငံများသည် ဗြိတိသျှ-အိန္ဒိယဟူ၍အုပ်ချုပ်မှုယူနစ်တစ်ခုအောက်၌ရှိခဲ့ကြသည်။အင်္ဂလိပ်လက်ထက်တွင် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၃၇ ခုနှစ်မှာ ဗြိတိသျှ အိန္ဒိယကို ဗြိတိသျှ-အိန္ဒိယနှင့် ဗြိတိသျှ-ဗမာဟူ၍ (Burma Act 1935 အတိုင်း) ခွဲခြမ်းခဲ့သည်။ ဗြိတိသျှသည်မတူကွဲပြားသောအကြောင်းများကြောင့်ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံကိုမတူကွဲပြားသောအုပ်ချုပ်ရေးစနစ်(၃)မျိုးဖြင့် အုပ်ချုပ်ခဲ့သည်။ ပထမစနစ်ဖြစ်သောMinisterial Burma (Proper Burmaဟူ၍လည်းခေါ်သည်။)အောက်တွင် တနင်္သာရီ၊ ရခိုင်၊ ပဲခူးနှင့် ဧရာဝတီဟူ၍တိုင်းဒေသ (၄) ခုရှိခဲ့သည်။ တောင်တန်းဒေသ (Frontier Areas) သို့မဟုတ် Scheduled Areas အောက်တွင် ရှမ်း၊ ကချင်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများပါဝင်သည်။ ကယားပြည်နယ်သည် မည်သူ့ကိုလိုနီအောက်တွင်မျှ မရှိခဲ့သော်လည်း ဗြိတိသျှအစိုးရမှ စောင့်ရှောက်ခဲ့သောလွတ်လပ်သည့်တိုင်းပြည်အဖြစ်ရပ်တည်ခဲ့သည်။
တောင်တန်းဒေသများ (Frontier Areas)
ဗြိတိသျှမြန်မာကိုလိုနီအောက် တောင်တန်းဒေသဆိုသည်မှာ Ministerial or proper Burma ထဲတွင်မပါပဲကယားပြည်နယ်ကဲ့သို့လည်းလွတ်လပ်သောဒေသမဟုတ်သည့်ကျန်နယ်မြေများကိုဆိုလိုခြင်းဖြစ်သည်။တောင်တန်းဒေသ (Frontier Areas) သက်မှတ်ခဲ့ရခြင်း၏နောက်ကွယ်တွင် အကြောင်းအမျိုးမျိုးရှိခဲ့သည်။ဗြိတိသျှမှ ယင်းတောင်တန်းဒေသကိုသိမ်းပိုက်စဉ်ကာလတွင် ဗြိတိ သျှနယ်ချဲ့များနှင့် သက်ဆိုင်ရာတောင်တန်းဒေသရှိခေါင်းဆောင်များအကြားသဘောတူညီချက် အတိုင်းစီမံခန့်ခွဲအုပ်ချုပ်ခြင်းဖြစ်သည်။ ထို့အပြင် တောင်တန်းဒေသတွင် နေထိုင်ကြသောလူမျိုးအချို့သည် ယင်းနယ်မြေနှင့်ဆက်စပ်လျက်ရှိသောမြေပြန့်ရှိတခြားလူမျိုးများအားသွားရောက်တိုက်ခိုက်လျက်ရှိသောကြောင့် တောင်တန်းဒေသတွင် နေထိုင်ကြသောလူမျိုးများမှ မြေပြန့်ဒေသဝင်ရောက်ကျူးကျော်တားဆီးနိုင်ရန်အလို့ငှာဥပဒေများပြုလုပ်ခဲ့သည်။ ချင်းလူမျိုးများအတွက် Chin Hills Regulation Act (1896) ဟူ၍ဥပဒေတစ်ခုပြဋ္ဌာန်းခဲ့ပြီးယင်းဥပဒေအတိုင်း ဗြိတိသျှတို့ကအုပ်ချုပ်ခဲ့သည်။ ယင်းဥပဒေသည် Mizoram ပြည်နယ်ကိုသော်လည်းကောင်း၊ နာဂတောင်တန်းကိုသော်လည်းကောင်းလွှမ်းခြုံခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ယင်းဥပဒေကိုအသုံးပြုပြီးအခြားလူမျိုးများတောင်ပေါ်ဒေသသို့ ဝင်ရောက်နေထိုင်ခြင်းကိုတားဆီးရန်အတွက် အသုံးပြုခဲ့သည်။ အိန္ဒိယနိုင်ငံရှိ Nagaland နှင့် Mizoram ပြည်နယ်တို့တွင်လည်း ၎င်းဥပဒေကို ယနေ့အထိဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ တခြားလူမျိုးများမှ Nagaland နှင့် Mizoramပြည်နယ်သို့ သွားရောက်လိုပါက Inner Line Permit ရှိမှသာသွားရောက်လည်ပတ်ခွင့်ရှိသည်။ တောင်တန်းဒေသများသည် အပိုင်း (၁) နှင့် (၂) ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။တောင်တန်းဒေသများတွင် ဘုရင်ခံ၏အကြံပေးချက်ဖြင့်မိမိတို့၏ဓလေ့ထုံးတမ်းအရတင်မြှောက်သောသူကြီး (Traditional Chief) မှ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ Ministerial Burma တွင်မူဗြိတိသျှအစိုးရမှတိုက်ရိုက်အုပ်ချုပ်သည်။
တောင်တန်းဒေသတွင်နေထိုင်သောချင်းလူမျိုးများ
ရှေးပဝေသနီကတည်းကပင်ချင်းလူမျိုးများသည်ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် အနှံ့အပြားနေထိုင်ခဲ့ကြသည်။ အချို့သည် မြေပြန့်၌သော်လည်းကောင်း (ဥပမာအားဖြင့်အရှိုချင်း)၊ အချို့သည် တောင်ပေါ်ဒေသ၌သော်လည်းကောင်း၊ အချို့သည် မြစ်ချောင်းဘေး၌သော်လည်းကောင်း ပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် တောင်တန်းဒေသ (Frontier Areas) ရှိချင်းလူမျိုးများကိုChin Hills Districtနှင့်Arakan Hill Tractsဟူ၍နယ်မြေနှစ်ခုခြမ်းပြီးအုပ်ချုပ်ခဲ့သည်။ Frontier Areas Committee of Enquiry (FACE)၏အစီရင်ခံစာအရ နေရာအကျယ်အဝန်းနှင့် လူဦးရေ (၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ)သည် အောက်ပါအတိုင်းဖြစ်သည်။ (ဤသန်းခေါင်စာရင်းသည် ၁၉၄၁ ခုနှစ်တွင်ကောက်ခဲ့သောသန်းခေါင်စာရင်းဖြစ်သော်လည်းဒုတိယကမ္ဘာစစ်ကာလတွင် အချက်အလက်အားလုံးပျောက်ဆုံးခဲ့သဖြင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကိုအခြေခံပြီး ၁၉၄၁ ခုနှစ်တွင် လူဦးရေတိုးပွားလာနိုင်သည့်ထင်မြင်ချက်ဖြင့် ပြုစုခြင်းဖြစ်သည်။)
Chin Hills District
နယ်မြေအကျယ်အဝန်း - ၁၀,၃၃၇ စတုရန်းပိုင်
လူဦးရေစုစုပေါင်း - ၁၈၆,၀၀၀
လူမျိုးအလိုက်လူဦးရေ
ချင်းလူမျိုး - ၁၈၃,၇၆၈ or ၉၈.၈%
အခြားလူမျိုးများ - ၂,၂၃၂ or ၁.၂%
“Kanpalet Subdivision in the south of the District has close ties with the neighboring Chin population in Ministerial Burma” ဟူ၍ ၎င်း၏အောက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် Chin Hills District အပြင် အချို့ချင်းလူမျိုးများသည်Ministerial Burma ထဲတွင် နေထိုင်ကြသည်ဟုဆိုနိုင်သည်။
Arakan Hill Tracts
နယ်မြေအကျယ်အဝန်း - ၃၅၄၃ စတုရန်းမိုင်
လူဦးရေ - ၃၄,၀၀၀
လူမျိုးအလိုက်လူဦးရေ
ချင်းလူမျိုး - ၂၅၇၇၂ or ၇၅.၈%
အခြားလူမျိုးများ - ၄၆၂၄ or ၁၃.၆%
ဗမာလူမျိုးအုပ်စု - ၃၅၇၀ or ၁၀.၆%
“The Burma Group of the population who are Arakanese Buddhists nearly all live in southern part the tract bordering to Arakan Division.” ဟူ၍ ၎င်း၏အောက်တွင် ထပ်မံရေးသားဖော်ပြထားသည်။အခြားလူမျိုးများဟုသုံးနှုန်းသောစကားလုံးသည် မည်သည့်လူမျိုးကိုရည်ညွှန်းခြင်းဖြစ်ကြောင်းမသိရှိသော်လည်းArakan Hills Tract တွင် ရခိုင်လူမျိုးသည်စုစုပေါင်းလူဦးရေ၏ ၁၀% သာဖြစ်ကြောင်းဖော်ပြထားသည်။
အထက်ပါအချက်အလက်များကိုကြည့်ရမည်ဆိုပါကသိသာထင်ရှားသည်မှာတောင်တန်းဒေသ (Frontier Areas) ရှိ “Arakan Hills Tract” ဟူသောဝေါဟာရသည် ပထဝီဆိုင်ရာအမည် ဝိသေသသာဖြစ်ပြီးရခိုင်နယ်မြေနှင့် ပတ်သက်ခြင်းလုံးဝမရှိပေ။ Arakan Hills Tract သည် ချင်းပြည်အတွင်းတွင်တည်ရှိပြီးဘိုးဘွားစဉ်ဆက်ကတည်းကပင် ချင်းလူမျိုးများနေထိုင်ရာနယ်မြေဖြစ်သည်။
တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာ
Frontier Areas Committee of Enquiry (FACE)
ပင်လုံစာချုပ်နှင့်ပတ်သက်၍ဆွေးနွေးကြရာတွင် စာချုပ်တစ်ခုတည်းကိုသာရည်စူးပြီးပြောဆိုဆွေး နွေးလျက်ရှိကြပါသည်။ ပင်လုံစာချုပ်သည် သီးသန့်ဖြစ်ရှိရပ်တည်သောစာချုပ် (Standalone Agreement) မဟုတ်ပဲအခြားစာချုပ်၊ စာရွက်စာတမ်းများနှင့် ဆက်နွယ်တည်ရှိသောစာချုပ်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရထံသို့ လွတ်လပ်ရေးတောင်းဆိုသောအခါ Proper Burma အတွက်သာမဟုတ်ပဲ ဗြိတိသျှ-ဗမာတစ်ခုလုံးလွတ်လပ်ရေးရရှိရေးအတွက်တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် Proper Burma သာကိုယ်စားပြုသည်ဖြစ်ပြီးတောင်တန်းဒေသ (Frontier Areas) ကိုကိုယ်စားပြုခြင်းမရှိခဲ့ချေ။ ရှမ်းစော်ဘွားများကဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် မိမိတို့လူမျိုးကိုကိုယ်စားပြုခြင်းမရှိခဲ့ကြောင်းဗြိတိသျှထံသို့သတင်းပို့ခဲ့ကြသည်။ထို့ကြောင့် ဗြိတိသျှ-ဗမာလွတ်လပ်ရေးနှင့်ပတ်သက်၍တောင်တန်းဒေသ (Frontier Areas) ရှိ အခြားလူမျိုးများ၏သဘောထားနှင့် ရွေးချယ်မှုအတွက်သော်လည်းကောင်း၊ ကြားဖြတ်အစိုးရကိစ္စနှင့်သော်လည်းကောင်း၊ အခြားကိစ္စနှင့်သော်လည်းကောင်းသိရှိနိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအောင်ဆန်း-အက်တလီစာချုပ် (အပိုဒ်-၈) တွင် ထည့်သွင်းရေးသားခဲ့သည်။ ပင်လုံစာချုပ်သည် ဗမာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ(Frontier Areas) တွင်နေထိုင်ကြသောလူမျိုးများ၏ ကိုယ်စားလှယ်ခေါင်းဆောင်များအကြား ချုပ်ဆိုထားသောသဘောတူညီချက်ဖြစ်သည်။ Frontier Areas Committee of Enquiry (FACE) ကိုလည်းအောင်ဆန်း-အက်တလီစာချုပ်အရဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ Frontier Areas Committee of Enquiry (FACE) ၏အဓိကရည်ရွယ်ချက်မှာတောင်တန်းဒေသ (Frontier Areas) တွင်နေထိုင်ကြသောလူမျိုးများသည် Proper Burma နှင့် မည်ကဲ့သို့ ပူးပေါင်းမည်နည်း၊ အတိုချူံးအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရမည့်အချက်အလက်များကိုသိရှိနိုင်ရန်အတွက် စုံစမ်းခြင်းဖြစ်သည်။
Frontier Areas Committee of Enquiry (FACE)သည် တောင်တန်းဒေသ (Frontier Areas)မှကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကိုရန်ကုန်မြို့နှင့် မေမြို့တွင်ပြုလုပ်ကျင်းပခဲ့သည်။ Chin Hills District ကိုယ်စားလှယ်များကိုမေမြို့၌တွေ့ဆုံခဲ့ပြီးArakan Hills Tract မှ ကိုယ်စားလှယ်များအားရန်ကုန်၌တွေ့ဆုံခဲ့သည်။ Frontier Areas Committee of Enquiry (FACE)သည် Arakan Hills Tract မှကိုယ်စားလှယ်များအားအောက်ပါအတိုင်းအဖွဲ့ (၄) ဖွဲ့ခွဲ၍တွေ့ဆုံခဲ့သည်။
(က) Khumi and Lakher Chins- 1) Htat Ling 2) Tung Aung 3) HtinKon
4) Pat Wai 5) Theitu
(ခ) LanpuMro Chins: 1) Lampu
(ဂ) MuangHmyarLemro Chin: 1) MangHmyar
(ဃ) Arakan Hills Tract A.F.P.F.L: 1) TunMra 2) Saw Hla
Frontier Areas Committee of Enquiry (FACE) ၏အစီရင်ခံစာကိုအတိုချူံးအားဖြင့်ဖော်ပြရသော် “Arakan Hills Tract မှ ချင်းလူမျိုးကိုယ်စားလှယ်များသည် Chin Hills District နှင့်ပူးပေါင်းရန်လိုလားသည်။ မြောက်ပိုင်းချင်းလူမျိုးများ၏ တင်ပြချက်များအတိုင်းသဘောတူသည်။ ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုအဖြစ်ရပ်တည်မည်ဆိုပါကလည်းကန့်ကွက်ရန်မရှိပါ။ သို့ရာတွင်Akyab (စစ်တွေ) District နှင့်ပူးပေါင်းရန်ကိုမူ လုံးဝကန့်ကွက်သည်” ဟူ၍တင်ပြခဲ့ကြသည်။ ထို့အပြင် Khumi နှင့် Lakher Chins ကိုယ်စားလှယ်များမှ ဆက်လက်တင်ပြရာတွင် “ဤတွေ့ဆုံဆွေးနွေးပွဲသို့ မရောက်လာခင် မိမိတို့ဒေသ၏ဌာနချုပ်ဖြစ်သော ပလက်ဝတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးယင်းတွေ့ဆုံပွဲတွင် Akyab (စစ်တွေ) district နှင့်မပူးပေါင်းရန် လူထုမှ သဘောတူဆုံးဖြတ်ခဲ့ကြသည်။” ဟုထည့်သွင်းပြောကြားခဲ့ကြသည်။သို့သော်Arakan Hills Tract A.F.P.F.Lမှတင်ပြရာတွင် “ကျွနု်ပ်တို့သည် ဗမာအဖွဲ့ဖြစ်သောရခိုင်လူမျိုးများဖြစ်ကြသည်။ Burma Ministerial နှင့်ပူးပေါင်းရန်လိုလားသည်။ မိမိတို့အတွက်သီးသန့်ခရိုင်ဖွဲ့စည်းရန်မလိုအပ်ပါ” ဟု ၎င်းတို့၏ သဘောထားကိုတင်ပြခဲ့ကြသည်။
(တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာစာမျက်နှာ ၉၂-၉၈)
အထက်ပါတောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာကိုကြည့်ရှုပါကArakan Hill Tract ရှိချင်းလူမျိုးများသည် တခြားဒေသတွင်နေထိုင်သောချင်းလူမျိုးများနှင့်အတူတကွ ပူးပေါင်းနေထိုင်ရန် ဆန္ဒရှိကြသည်။သို့သော် ရခိုင်လူမျိုးများကမူဗမာလူမျိုးများနှင့်အတူနေထိုင်ရန်တင်ပြခဲ့ကြသည်။ ဒုတိယအနေဖြင့် ပလက်ဝသည် Arakan Hills Tract ရှိချင်းလူမျိုးများ၏အဓိကဌာနချုပ်အဖြစ် သက်မှတ်ခဲ့ကြသည်။ Akyab (စစ်တွေ) district သို့မဟုတ် ရခိုင်နှင့်ပူးပေါင်းနေထိုင်ရန်ခေါင်းဆောင်ကိုယ်စားလှယ်များသာမကလူထုကလည်းမလိုလားခဲ့ကြပေ။ တတိယအနေဖြင့် Frontier Areas Committee of Enquiry (FACE) နှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသောချင်းလူမျိုးကိုယ်စားပြုခေါင်းဆောင်များသည်Ram UkBawi (Traditional Chief) ဖြစ်ကြသော်လည်း၊ ရခိုင်လူမျိုးကိုယ်စားပြုကိုယ်စားလှယ်များသည် A.F.P.F.L ပါတီကိုယ်စားပြုကိုယ်စားလှယ်များသာဖြစ်ကြသည်။ ၎င်းတို့သည်ကိုယ်စားပြုမှုအဆင့်အတန်းအရလည်းကွာခြားကြသည်။ Arakan Hills Tract ၌နေထိုင်ခဲ့သောရခိုင်လူမျိုးများသည် ကုလားတန်မြစ်ကမ်းနံဘေးတစ်လျှောက်တွင်နေထိုင်ကြပြီးငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများဖြစ်ကြပြီး၊ မြို့ရွာအတည်တကျ တည်ထောင်ခြင်းမရှိပဲရွှေ့ပြောင်းသွားလာသူများဖြစ်သောကြောင့် Traditional Chief လည်းမရှိပေ။
နိဂုံးချုပ်
အင်္ဂလိပ်လက်ထက်မတိုင်မီယနေ့ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းအရသော်လည်းကောင်း၊ အင်္ဂလိပ်အုပ်ချုပ်မှုသမိုင်းအရသော်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအရသော်လည်းကောင်း-
(က) ရခိုင်လူမျိုးများသည် ၁၇၈၄ နောက်ပိုင်းတွင် တိုင်းပြည်မဲ့ဘဝသို့ရောက်ရှိခဲ့သည်။
(ခ) Arakan Hills Tract သည် ပထဝီအမည်ဝိသေသသာဖြစ်ပြီးရခိုင်အုပ်ချုပ်သောသို့မဟုတ် ရခိုင်နယ်မြေနှင့် လုံးဝသက်ဆိုင်ခြင်းမရှိခဲ့ပေ။
(ဂ) ယနေ့ချင်းပြည်နယ်နယ်နိမိတ်သည် Chinlandတစ်ခုလုံးကိုလွှမ်းခြုံခြင်းမရှိပေ။
(ဃ) မိမိတို့ချင်းလူမျိုးများကိုတောင်တန်း၊မြစ်ချောင်း၊ အင်းအိုင်များကသော်လည်းကောင်း၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကသော်လည်းကောင်းတခြားလူမျိုးများကသော်လည်းကောင်းခွဲခြမ်းနိုင်မည်မဟုတ်ပေ။
တနည်းအားဖြင့်ဖော်ပြရပါကပလက်ဝသည် ရခိုင်နှင့် ပထဝီအရသော်လည်းကောင်း၊ မျိုးရိုးဇာတိအရသော်လည်းကောင်း၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းအရသော်လည်းကောင်းဆက်နွယ်မှုလုံးဝမရှိပေ။ ထို့ကြောင့် ပလက်ဝသည် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှစပြီးယနေ့ထိတိုင် Chin Special Division/Chin State တွင်ပါဝင်နေခြင်းဖြစ်သည်။ ရခိုင်လူမျိုးများသည် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပြီးမှသာ ပြည်နယ်ရရှိခဲ့ခြင်းဖြစ်သည်။ ပလက်ဝသည်ချင်းပြည်။
Comments